မြဝတီ နိုဝင်ဘာ ၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြဝတီ(ရုံးခွဲ)နှင့် ဟိုတယ်လုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီမှု တို့ဖြင့် ယနေ့နံနက် ၉ နာရီတွင် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို မြဝတီမြို့၊ City Home ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပေးပြီး ခရိုင်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောကြည်ကြည်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် အနာဂတ်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ချပေးသည့်ဘာသာရပ်အပေါ် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာပြန်လည်အသုံးချနိုင်ရေး ကြိုးစားသင်ယူကြစေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် Union Hotel ကျွမ်းကျင်ပညာရှင် ဦးအောင်ကျော်နှင့် Conqueror Hotel ကျွမ်းကျင်ပညာရှင် ဦးသော်သော်လွင်တို့က သင်တန်းဆိုင်ရာ ပို့ချပေးမည့်အစီအစဉ်များနှင့် မိတ်ဆက်အမှာစကား ပြောကြားပေး သည်။ အဆိုပါသင်တန်းတွင် ဧည့်ကြိုဝန်ဆောင်မှု၊ အိပ်ခန်းဆောင်ထိန်းသိမ်ရေး၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးဘာသာရပ်များကို သင်တန်းနည်းပြ ၂ ဦးတို့က သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦးတို့အား နိုဝင်ဘာ ၆ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်အတွင်း Golden Earth Hotel နှင့် Vantage Hotel တို့၌ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)