ကျောင်းကုန်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ၁/၂၀၂၃ ဖွင့်လှစ်

ကျောင်းကုန်း နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးတင်မောင်က အရန်မီးသတ် တပ်ဖွဲ့ဆိုတာ မြို့နယ်မီးသတ်တပ်ဖွဲ့၏ ဦးဆောင်မှုအောက်မှာ အလုပ်မအားလပ်သည့် ကြားက စိတ်ပါဝင်စားစွာ လုပ်ကိုင်ကြသည့်အဖွဲ့ဖြစ်ကြောင်း၊ "မြို့ရွာတခွင် သာစေချင် မီးတွင်မပေါ့နဲ့" ဆိုသည့်အတိုင်း မီးဘေးအန္တရာယ်ကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း ပြောကြားသွားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်းက အဖွဲ့ဝင်သစ်များ မပါပဲ၊ အဖွဲ့ဝင်ဟောင်းများကို မွမ်းမံသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အမိန့်နာခံတတ်ဖို့ စစ်ရေးပြလုပ်ရမှာဖြစ်ကြောင်း မီးဘေးအန္တရာယ်ကို မဖြစ်ခင်ကြိုတင်ကာကွယ်နိုင်ဖို့ အရေးကြီးကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ရမှာဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

အဆိုပါ လေ့ကျင့်ရေးမွမ်းမံသင်တန်းသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက် (၅)ခုနှင့် ကျေးရွာ (၆၅)အုပ်စုတို့မှ သင်တန်းသား (၁၀၀)တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ (၁၀)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)