ထားဝယ်ခရိုင် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်     နိုဝင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူက နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်အပါအဝင် ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန် ကြိုတင်မျှော်မှန်း၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များအလိုက် ရှာဖွေကယ်ဆယ်ရေးသင်တန်းများဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းတွင်မြန်မာနိုင်ငံအတွင်း ဖြစ်ပွားကြုံတွေ့လေ့ရှိသော မီးဘေးအပါအဝင် အခြားသောဘေးအန္တရာယ်များအကြောင်း၊ မီးသတ်တပ်ဖွဲ့၏အခန်းကဏ္ဍ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အမျိုးမျိုးအနက်မှ မြို့ပြရှာဖွေကယ်ဆယ်ရေးဘာသာရပ်ဖြစ်သည့် အခြေခံကြိုးချည်နည်းများ၊ အမြင့်ပိုင်း/အနိမ့်ပိုင်းများတွင် ကြိုးဖြင့်အသက်ကယ်နည်းစနစ်များ၊ တောင်ပေါ်အသက်ကယ်နည်းစနစ် (Mountain Rescue Technique)၊ လျှိုမြောင်အတွင်း အသက်ကယ်နည်းစနစ်၊ (Valley Rescue Technique)၊ ဥရောပနိုင်ငံများတွင်အသုံးပြုလျက်ရှိသော ယာဉ်မတော်တဆထိခိုက်မှုဖြစ်စဉ်များ၌ အဖွဲ့လိုက်ကယ်ဆယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်(၉)ခုအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ငလျင်ကြောင့် ပြိုကျပျက်စီးနေသော အစိတ်အပိုင်းများအောက်တွင် ပိမိ/ညပ်မိသူများကို ကယ်ဆယ်ရာအသုံးပြုသည့် (Cribbing) နည်းစနစ်များ၊  Air Lifting Bag အသုံးပြုခြင်းနည်းစနစ်များ၊ ယိုင်နဲ့ပြိုကျနိုင်သော အဆောက်အဦအား ထပ်မံပြိုကျမှုမရှိအောင်ဆောင်ရွက်ရမည့် ဒေါက်ထောက်ခြင်း/ကျားကန်ခြင်း (Shoring Technique) များ၊ ပြိုကျအဆောက်အဦအစိတ်အပိုင်းများအောက်တွင် ပိတ်မိနေသူများကို ကယ်ဆယ်ရာတွင် အသုံးပြုရမည့် ထွင်းဖောက်ဖြတ်တောက်ခြင်းနည်စနစ်များ၊ ရေတွင်းအသက်ကယ်နည်းစနစ်များ၊ အရေးပေါ်ဆေးအကာအကွယ်ပေးခြင်းနှင့် ရှေးဦးသူနာပြုစုနည်းများဖြစ်သော ဇီဝကမ္မဗေဒ၊ ခန္ဓာဗေဒဘာသာရပ်များကို ကျွမ်းကျင်နည်းပြများဖြင့် စနစ်တကျထိရောက်စွာ လေ့ကျင့်သင်ကြားသွားမှာ ဖြစ်ကြောင်း၊  သင်တန်းသားများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ပြီး သင်တန်းအစမှပြီးဆုံးသည့်တိုင် ကြိုးစားတက်ရောက်သွား ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တူညီဝတ်စုံများပေးအပ်ပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ကြည့်ရှုအားပေးသည်။

သင်တန်းတွင် ခရိုင်အတွင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ စုစုပေါင်း(၅၀)ဦးအား နိုဝင်ဘာ ၁၇ ရက်နေ့အထိ စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)