ရှမ်းရွာသစ် နိုဝင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ပထမပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၅၀)ရာခိုင်နှုန်းဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေကျပ် (၇၇.၉၁)သန်းဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းပေါ်ရှိ (39.0)km-(39.5)kmကြား အရှည်(470)မီတာရှိ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီရေးအတွက် စနစ်တကျကြီးကြပ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် (၅၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် ရေနှုတ်မြောင်းများလည်း ရေစီးရေလာကောင်းမွန်ပြီး မြို့တွင်းသန့်ရှင်းသာယာလှပ၍ လမ်းပန်းဆက်သွယ်ရေးလည်း ယခင်ကထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့် ပြည်နယ်ရန်ပုံငွေကျပ် (၂၇.၅၀) သန်းဖြင့် RCC Box Culvert တည်ဆောက်ခြင်းလုပ်ငန်း၊ ရန်ပုံငွေကျပ် (၉၅.၁၅) သန်းဖြင့် အရှည် (၂၇၅) မီတာရှိ ကျောက်စီရေမြောင်းနှင့် မြေထိန်းနံရံပြုလုပ်ခြင်းလုပ်ငန်း၊ ရန်ပုံငွေကျပ် (၄.၉၄) သန်းဖြင့် လမ်းနယ်တိုင်များ စိုက်ထူခြင်းလုပ်ငန်းများကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)