ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ တောင်ဝှေးတောက်ကျေးရွာတွင် ငဝန်မြစ်ရေ တိုက်စား၍ မြစ်ကမ်းပြိုမှုကြောင့် ရွာလမ်းပျက်စီး

ငါးသိုင်းချောင်း နိုဝင်ဘာ ၆

ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်စု၊ တောင်ဝှေးတောက်ကျေးရွာတွင် ယမန်နေ့  (၁၁)နာရီ (၃၀)မိနစ်အချိန်က ငဝန်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုတွင် ဦးအောင်မြင့်ထွေးနှင့် ဦးစန်းလွင်နေအိမ်ရှေ့ရှိ တောင်ဝှေးတောက် ကျေးရွာနှင့် သောင်ရွာဆက်သွယ်ထားသည့် မြေသားလမ်း ကျေးရွာဆက်သွယ်ရေး လမ်းအရှည် (၉၀)ပေ၊အကျယ် (၁၂)ပေ၊ အနက် (၂၀)ပေခန့်၊ လမ်းအရှည် (၁)မိုင်ခန့် ပြိုကျပျက်စီးခဲ့သည်။ ထိုပျက်စီးရာနေရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်၍ ပြိုကျပျက်စီးခဲ့သော လမ်းနှင့် ကပ်လျှက်ရှိသော ခြံဝန်းအတွင်းမှ သွားလာအသုံးပြုနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီး လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ပျက်တောက်မှုမရှိကြောင်းနှင့် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး (၃၂၄၀၀၀၀)ကျပ်ရှိပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)