ရှမ်းရွာသစ်မြို့တွင် ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားပေး

ရှမ်းရွာသစ် နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တွင် ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဓမ္မစကူးလ်သင်တန်းတွင် အတန်းလိုက်သင်ခန်းစာ စာအုပ်များကို ကလေးများ၏ ဉာဏ်ရည်အလိုက် ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည် ထက်မြက်လာစေမှာဖြစ်ကြောင်း၊ ဓမ္မစကူးလ်ကျောင်းသည် တစ်ပတ်မှာတစ်ရက်၊ တစ်ရက်မှာတစ် မနက်သာ တက်ရောက်ရသဖြင့် အတန်းပညာရေးကို အဟန့်အတားမဖြစ်စေသည့်အပြင် ကိုယ်ရောစိတ်ပါပြုပြင်ထားသော လူငယ်လေးများဖြစ်လာရန် ရည်ရွယ်၍ သင်ကြားရပေးခြင်းဖြစ်ကြောင်း၊ ဓမ္မစကူးလ်သင်တန်းသည် အသိဉာဏ်ပြည့်ဝပြီး တိုင်းပြည်နှင့်လူမျိုးသာသနာကို စောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်လာကြရန်အတွက် ကလေးငယ်များတက်ရောက်ရန်လိုအပ်ကြောင်း ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာ သင်တန်းတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား/သူ(၁၁၂)ဦး တက်ရောက်ပြီး ဆရာ/မ(၇)ဦးဖြင့် အပတ်စဉ်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ အလှူရှင်များမှလည်း အပတ်စဉ် အာဟာရဒါနများကို ကျွေးမွေးပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)