စလင်း နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့နယ် မြေမီးသတ်စခန်းရုံးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း ဖွဲ့စည်းထားရှိသည့် အရန်တပ်ဖွဲ့ဝင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆင်ဖြူကျွန်းမြို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါမီးသတ်စခန်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် စလင်းမြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းဗိုလ်က ရပ်ကွက်၊ ကျေးရွာများနှင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကျရောက်ပါက ပျက်စီးဆုံးရှုံးမှုနည်းစွာဖြင့် ကာကွယ်ရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြစေရန်နှင့် ယခုသင်တန်းမှ သင်ကြားပို့ချသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ကြားလေ့လာကြရန်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၃) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ဆင်ဖြူကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များစွာရှိသည့်အနက် အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၅၀)ဦးကိုသာ ခေါ်ယူသင်တန်းပို့ချမှာဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝင်းဗိုလ်နှင့်သင်တန်းနည်းပြ (၃) ဦးက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဥ်များ၊ စစ်ရေးပြနှင့် ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို နိုဝင်ဘာ (၆) ရက်နေ့မှ ဒီဇင်ဘာ (၃) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးအား မီးသတ်ဦးစီးမှူးဦးဝင်ဗိုလ်က တူညီဝတ်စုံများ ဝတ်ဆင်နိုင်ကြစေရန် မီးသတ်ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
(မောင်လွင်)စလင်း