မုံရွာ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ ဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး မိမိတို့ဒေသ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သော အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး စီမံကိန်း တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ Incubation Centre သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်မောင်းက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် ဘာသာရပ်မျိုးစုံကို အတတ်လေ့လာ သင်ယူသွားကြပြီးဖြစ်၍ ပြည်သူများအတွက် ထိထိရောက်ရောက် အကျိုးရှိအသုံးချသွားစေကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက သင်တန်းမှ ရရှိသည့် ထုတ်ကုန် ပစ္စည်းများအားလည်းကောင်း အသီးသီးပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများမှ လက်ခံရယူခဲ့ကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူ များက သင်တန်းသား၊ သင်တန်းသူများနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းရုံး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများအပေါ် အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ပြီး ဒေသတွင်းဈေးကွက်၌ အရည်အသွေးပြည့်မီသော ထုတ်ကုန်ပစ္စည်းများ အား ပြည်သူများအတွက် ရောင်းချနိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးနိုင်ရန်၊ ကျေးလက်နေ ပြည်သူများ စီးပွားရေးအခွင့်အလမ်း ပိုမိုရရှိနိုင်ရန် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးတို့အပြင် အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်း (၁)ခုဖြစ်ပြီး မုံရွာမြို့ စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးဇုန် ရွာတုံကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား သင်တန်းနည်းပြ ဆရာ၊ ဆရာမများက နံကထိုင်အမျိုးမျိုး၊ လျှာပေါ်ဝဲအမျိုးမျိုး၊ နှမ်းကပ်ကွတ်ကီးအမျိုးမျိုး၊ နှမ်းကပ်ပေါင်မုန့်၊ ကြက်ဥထောပတ်ပေါင်မုန့်၊ ကြက်ဥပူတင်း စသည့် ထုတ်လုပ်မှုနည်းပညာ (၂၀)မျိုးအား သင်တန်းကာလ အောက်တိုဘာ(၃၁)ရက်နေ့မှ နိုဝင်ဘာ (၆)ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန် သင်တန်းသား (၅)ဦး ရွေးချယ်၍ လိုအပ်သော စက်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးကာ ကုန်ထုတ် လုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ဆောင်ရွက်ပေးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး စစ်ကိုင်းခရိုင်အတွင်းရှိ ဆင်တပ် ကျေးရွာတွင် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးဆောင်ရွက်မည့်လုပ်ငန်း၊ ရွှေကြက်ထောင့် ကျေးရွာ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ မြို့ပေါ်ရပ်ကွက်များတွင် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်လုပ်ငန်း၊ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့မ(၂)ရပ်ကွက်တွင် လူငယ်များအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး ဆောင်ရွက်မည့်လုပ်ငန်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မွန်နောက်ပြောင်ကျေးရွာတွင် ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက် မည့်လုပ်ငန်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုးချဲ (၁)ရပ်ကွက်၊ လဟယ်မြို့တွင် အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း၊ မုံရွာခရိုင်အတွင်း ရွာတုံကျေးရွာတွင် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုး ရေးဆောင်ရွက်မည့်လုပ်ငန်း၊ စားသောက်ကုန်ဘေးအန္တရာယ် ကင်းရှင်းရေးဇုန် မုံရွာမြို့နယ်တွင် အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်း(၉)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)