အင်္ဂပူ အောက်တိုဘာ ၂၂
အင်္ဂပူမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်စိုးမှ သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးရခြင်းနှင့် စပ်လျဉ်း၍ မြို့နယ်အတွင်း ထိုးနှံပေးမည့် အစီအစဉ်များနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။
ထို့နောက် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ အမျိုးသမီးငယ်(၁၀)ဦးတို့အား သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV)ကာကွယ်ဆေးအား အသက်(၉)နှစ်မှ (၁၀)နှစ်ရှိ အမျိုးသမီးငယ်များအား တစ်နှစ်ခြား(၂)ကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် အောက်တိုဘာလ (၂၁)ရက်နေ့တွင် စတင်ပြီး မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ ရပ်ကွက်နှင့်ကျေးရွာအလိုက် သက်ဆိုင်ရာ စုရပ်နေရာများတွင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး အင်္ဂပူမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေး ထိုးနှံပေးရန် အမျိုးသမီးငယ် (၁၇၈၁)ဦးခန့်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)