နတ်မောက် နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တောင်သူများစိုက်ပျိုးထားသည့် 777 ငရုတ်သီးနှင့် 692 ကျောက်စိမ်းငရုတ်သီးများသည် နတ်မောက်မြို့ မြို့မဈေးရှိ ငရုတ်သီးဈေးကွက်သို့ ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
တောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးနေကြဖြစ်သည့် မိုးထောင်ငရုတ်၊ ငရုတ်ပွ၊ ရွှေအပ်ငရုတ်များကို အနည်းအကျဉ်းသာ စိုက်ပျိုးကြပြီး 777ငရုတ်သီးနှင့် 692 ကျောက်စိမ်းငရုတ်များကိုသာ အဓိကထား၍ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလျက်ရှိသည်။
ဇွန်လဒုတိယပတ်တွင် စိုက်ပျိုးခဲ့သည့် အဆိုပါငရုတ်သီးနှံများသည် အောက်တိုဘာ ဒုတိယပတ်တွင် စတင်ခူးဆွတ်ကြပြီး ငရုတ်သီးစိမ်း (အစို) ကို ဈေးကွက်သို့တင်ပို့ကြကြောင်း၊ ငရုတ်သီးစိမ်း (အစို) ကို ခူးဆွတ်ရာတွင် 692 ကျောက်စိမ်းငရုတ်မျိုးက အလေးချိန်ပိုစီးပြီး 777 ငရုတ်မျိုးက 692 ငရုတ်လောက် အလေးချိန်မစီးကြောင်း၊ ယခုအခါ ငရုတ်သီးဈေးကွက်တွင် 692 ကျောက်စိမ်းငရုတ် (အစိမ်း) တစ်ပိဿာကို ၃၀၀ဝိ/-ကျပ်မှ ၃၅၀ဝိ/-ကျပ်အထိ ဈေးဖွင့်ရောင်းဝယ်နေကြကြောင်း မြို့မဈေးမှ ငရုတ်သီးရောင်းဝယ်သူ မဝင်းကြည်က ပြောသည်။
ယခုအခါ တောင်သူများသည် 692 ကျောက်စိမ်းငရုတ်သီးကို အစိမ်းခူးဆွတ်ရောင်းချကြပြီး 777 ငရုတ်များကို ရင့်မှည့်သည့်အထိ ထားရှိပြီးမှ ခူးဆွတ်၍ အခြောက်လှန်းလျက် ငရုတ်သီးခြောက်အဖြစ်သာ နိုဝင်ဘာနောက်ဆုံးပတ်မှစ၍ ရောင်းချကြမည်ဖြစ်ကြောင်း လျှော်ချောင်းရွာမှ ကိုဦးထံကသိရသည်။
မူမူစန်း