ကျွန်းလှ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ပိုင်တစ်နိုင် အိုးလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ရရှိနေကြကြောင်း သိရသည်။
“အိုးလုပ်ငန်းကို မိဘဘိုးဘွားများ လက်ထက်က လက်ဆင့်ကမ်းပြီး လုပ်ကိုင်ခဲ့တာ နှစ် (၅၀) ကျော် ရှိပြီဖြစ်ပါတယ်။ အိုးလုပ်ရာမှာ အဓိကကုန်ကြမ်းဖြစ်တဲ့ ရွံ့မြေနဲ့ သဲကို ဒေသတွင်းက ရရှိပြီး ရွံ့မြေ ပုဇင်းခေါင်းကားတစ်စီး ၅၀၀၀၀ ကျပ်၊ သဲတစ်စီး ၃၀၀၀၀ ကျပ် ပေးပြီးအရင်နှစ်က ဝယ်ယူစုဆောင်းခဲ့ပါတယ်။ အိုးလုပ်ရာမှာ ရွံ့မြေနဲ့ သဲကိုအချိုးကျရောပြီး ရေစိမ်ထားရပါတယ်။ ရေစိမ်ထားတဲ့မြေကိုနင်းပြီး ပုံလောင်း၊ ထုတ်နဲ့ သုံးဆင့်ရိုက်ရပါတယ်။ အဲဒီနောက် အိုးများကို နေလှန်းပြီး မီးဖုတ်ရပါတယ်” ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ချိုက ပြောသည်။
အဆိုပါ အိုးလုပ်ငန်းတွင် သောက်ရေအိုးကို အဓိကထားလုပ်ကိုင်ပြီး ပန်းအိုး၊ ပေါင်းအိုး၊ ဟင်းအိုး၊ ဆီမီးခွက်များ လုပ်ကိုင်ကြောင်း၊ တစ်နေ့အိုးအလုံး ၃၀ ကျော်ပြီးကြောင်း၊ ယခင်နှစ်က အိုးတစ်လုံး ငွေကျပ် ၁၂၀၀ ရောင်းရပြီး ယခုအခါ ငွေကျပ် ၁၃၀၀ ဈေးရှိကြောင်း၊ ထွက်ရှိသည့်အိုးများအား မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများသို့ ရောင်းချကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ