ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် တံခွန်တိုင်ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်

နတ်မောက် နိုဝင်ဘာ ၆                                                        

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ပူးပေါင်း၍ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ ရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် တာဝန်ရှိသူများသည့် ကျေးရွာကွန်ကရစ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန်၊ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးပါက ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ် (၁၅) သန်းနှင့် ပြည်သူလူထုထည့်ဝင်ငွေကျပ် (၇) ဒသမ (၅) သန်း စုစုပေါင်းကျပ် (၂၂) ဒသမ (၅) သန်း အသုံးပြုကာ တံခွန်တိုင်ကျေးရွာ ရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်း အရှည် (၇၀၀) ပေ၊ အကျယ် (၁၂) ပေ၊ အမြင့် (၆) လက်မ ခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုမှ ကိုယ်တိုင်အကောင်အထည်ဖော်၍ အောက်တိုဘာ ပထမအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ (၇၀) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်ထံမှ သိရသည်

အဆိုပါ ကျေးရွာရှိ အိမ်ခြေ (၆၃၃) အိမ်၊ အိမ်ထောင်စု (၆၃၃) စုမှ လူဦးရေ (၂၇၀၆) ဦးတို့ ရာသီမရွေး သွားလာရ လွယ်ကူလာမည်ဖြစ်ကြောင်း၊ ကျန်းမာရေး၊ လူမှုရေးနှင့်အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် အကျိုးပြုသွားမည်ဖြစ်ကြောင်း၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်မှ ဆက်လက်ပြောပြ၍ သိရသည်။

မူမူစန်း