ခန္တီး အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် အသက် ၉ နှစ်နှင့် ၁၀ နှစ်ကြား အမျိုးသမီးများကို (HPV) Human Papilloma Virus သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရိုင်ကျန်းမာရေးမှူး ဒေါက်တာနန်းမြတ်မြတ်မွှေး၊ မြို့နယ်ကျန်းမာရေးမှူး ဒေါ်ဆွီးနွာမ်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ လူစုလူဝေးမဖြစ်အောင် နံနက်ပိုင်းနှင့် ညနေပိုင်းခွဲပြီး ယနေ့ ခန္တီးမြို့ ပေါမိုင်းရပ်ကွက် အသက် ၉ နှစ်နှင့် ၁၀ နှစ်ကြား အမျိုးသမီးများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် မြို့မရပ်ကွက်ရှိ အသက် ၉ နှစ်နှင့် ၁၀ နှစ်ကြား အမျိုးသမီးများကို မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ဇီးဖြူကုန်းရပ်ကွက်တွင် နာဂရိုးရာ ကွင်း၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးမှူးထံမှ သိရသည်။
စနေမောင်မောင်(ခန္တီး)