ပွင့်ဖြူ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးအတွက် မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီ စိုက်ပျိုးရေးလုပ်ငန်းကို စတင်စိုက်ပျိုးလုပ်ကိုင်နေကြကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ၁၁၂၄ ဧက စိုက်ပျိုးရန်လျာထားရှိပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် အောက်တိုဘာ လဆန်းပိုင်းကစပြီး မုန်းချောင်း ရေနှင့်မြေအောက်ရေတို့ဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ ဆောင်းကြက်သွန်နီစိုက်ဧက ၅၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်ပြီး တစ်မြို့နယ်လုံး ဆောင်းကြက်သွန်နီဧက ၁၁၂၄ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ဆောင်းကြက်သွန်နီ စိုက်ပျိုးရာ၌ စားသုံးသူပြည်သူလူထု အစားအစာ ဘေးကင်းလုံခြုံစေဖို့အတွက် အော်ဂဲနစ်စိုက်ပျိုးရေး နည်းစနစ်များနှင့်အညီ စိုက်ပျိုးကြဖို့နဲ့ လျာထားဧက ပြည့်မီအောင် ကြိုးပမ်းစိုက်ပျိုးကြဖို့ အသိပညာပေး ဆောင်ရွက်ပေးပါတယ်။ ယနေ့အထိ ကြက်သွန်နီစိုက်ဧက ၅၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ယခုနှစ်မှာ ကြက်သွန်နီဈေးနှုန်း ကောင်းမွန်တာကြောင့် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေအကျိုးအမြတ်ရရှိပြီး လုပ်ငန်းအဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေဖူလုံသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီချိန်တွင် သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာ ဖူလုံစေရန်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို ဆည်တော်ကျေးရွာ၊ မဲဇလီကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာ၊ အင်းနက်ကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်းနှင့် ဒေသခံတောင်သူများ စိုက်ပျိုးသည့်ကြက်သွန်နီမှာ အလုံးလှပြီးဈေးကွက်၌ အရောင်းအဝယ်ကောင်းမွန်တဲ့အတွက် မကွေး၊ မင်းဘူးမြို့နယ်များသို့ ရောင်းချရသည့်အပြင် ရန်ကုန်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ ကြက်သွန်နီကုန်သည်ပွဲစားများက ကြက်သွန်နီ လှိုင်လှိုင်ပေါ်ချိန်တွင် ကုန်တင်ကားကြီးတွေနဲ့ ဈေးကောင်းပေးဝယ်ယူကြသဖြင့် ကြက်သွန်စိုက်ပျိုး တောင်သူများ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ဆက်လက်ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)