ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် ဈေးများတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ပုသိမ် နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင်ဈေးများတွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဗူးအသုံးချမှုနှင့် အသိပညာပေးဟောပြောခြင်း၊ အရေးပေါ် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့်ရွှေ ပြည်သာစျေးကြား၊ စျေးချောင်းလမ်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဘုန်းလွင်က အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးပိုင်က အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပုသိမ်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးတင်ထွဋ်က စျေးသူစျေးသားများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မီးဘေးလုံခြုံ ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် အရေးပေါ်မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှဝန်ထမ်းများ၊ ဈေးကော်မတီများ၊ ဈေးလုံခြုံရေးဝန်ထမ်းများ၊ ဈေးသူ/သားများ စုစုပေါင်းအင်အား (၁၄၂)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်/ဆက်)