မြောင်းမြ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ဗန်းမော်သိန်းဖေရေးသားသည့် " အသေးအဖွဲလေးနဲ့ စိတ်ညစ်မနေနဲ့" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ Youth Club အဖွဲ့အတွင်းရေးမှူး ဒေါ်အေးမြတ်မြတ်မွန်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Youth Club အဖွဲ့ အတွင်းရေးမှူးဒေါ်အေးမြတ်မြတ်မွန်က "ရှင်စာသေစာခွဲတတ်ရန်"၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က "သေသွားရင်လည်း အလုပ်တွေပြီးမှာမဟုတ်ဘူး"၊ ဦးကျော်ရဲအောင်က "အတွေး snowball effect ရောဂါကို ကာကွယ်ပါ"၊ မောင်ကောင်းခန့်ပိုင်က "လူတိုင်းကို ဆရာလိုမြင်ကြည့်ပါ"၊ မောင်သီဟက "ကြင်နာသနားစိတ်ထားပါ"၊ မရတနာဦးက "စိတ်အေးချမ်းတည်ငြိမ်မှ အောင်မြင်မှုရမယ်" တို့ကို ဆွေးနွေးကြပြီး၊ တက်ရောက်သူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန် မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)