တိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆ

ပုသိမ် နိုဝင်ဘာ 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား/ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းများသို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ(၁၂)ဦး တက်ရောက်ရမည်ဖြစ်၍ ချီးမြှင့်နှုတ်ဆက် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများ တက်ရောက်ရန်အတွက် ရေးဖြေနှင့်လူတွေ့ဖြေဆိုကြပြီးမှ ရွေးချယ်ခံရသူများ ဖြစ်ကြပါကြောင်း၊ ကျောင်းတော်ကြီးမှသင်ကြားပို့ချပေးသည့် ဘာသာရပ်များကို နှံ့စပ်သိရှိနားလည်ပြီး ကျောင်းဆင်းပြီး၍ တာဝန်ကျရာဒေသများတွင် တာဝန်များ ထမ်းဆောင်ရမည် ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည် သင်တန်းတက်ရောက်သည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံရမည်ဖြစ်ပါကြောင်း၊ ကျောင်းတော်ကြီးရောက်ရှိသည့်အခါ အစ်ကိုအစ်မများ၊ အခြားသောတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှမိမိတို့၏ ညီအစ်ကိုမောင်နှများအား မိမိတို့တိုင်းဒေသကြီး၏ ဒေသတိုင်ရာအချက်အလက်များကို သိရှိမျှဝေနိုင်ရန် လေ့လာဆောင်ရွက်သွားကြရန် လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ ဂုဏ်ဆောင်နိုင်ကြပါစေကြောင်း” ဩဝါဒအမှာစကားများပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးသင်တန်းသား ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သင်တန်းသားရွေးချယ်မှု လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား/ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက လက်ခံရယူခဲ့ကာ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ် (၁၁)တွင် သင်တန်းသား(၈)ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏ ပထမနှစ် ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI သင်တန်းတွင် သင်တန်းသား(၄)၊ စုစုပေါင်း(၁၂)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အမှတ်(၃)အခြေခံပညာ အထက်ကျောင်းသို့ သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီးများပြည့်စုံကောင်းမွန်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးများကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်နေသည့် ဆရာ၊ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြင်ပေဖြဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍အားပေးစကားများ ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၃)သို့သွားရောက်၍ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်း ဆောင်ရွက်နေမှုများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများသူများနှင့်တူ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်သည့် အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ၊ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေးအရည်အသွေးမြှင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းနားသို့ တက်ရောက်၍“ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကိုနှစ်ရက်တာ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်တွင်လည်း ယခုကဲ့သို့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များကို သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက လက်တွေ့ပြသကာ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဇုန်(၃)ဇုန်ခွဲ၍ တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင် ရောက်ဖြေဆိုမည့် ပြင်ပဖြေကျောင်းသားကျောင်းသူများ အားလုံး ဖြေဆိုအောင်မြင်စေရေးနှင့် အောင်ချက်မြင့်မားစေရေး ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ်များအဖြစ် ပေါ်လာရေးအတွက် တစ်ဖက်မှလည်း ဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်သကဲ့သို့ တစ်ဖက်မှလည်း ကလေးငယ်များ၏ ပညာရေး၊ အားကစားနှင့် အနုပညာပိုင်းဆိုင်ရာကိုလည်း မြှင့်တင်ပေးရမှာ ဖြစ်ပါကြောင်း၊  ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒဘာသာရပ်များနှင့်ပတ်သက်၍ တက္ကသိုလ်မှ လာရောက်ပို့ချပေးသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ပို့ချချက်များကို အာရုံစူးစိုက် မှတ်သား ဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့တာဝန်ကျရာဒေသသို့ ပြန်လည်ရောက်ရှိသည့် အခါတွင်လည်း ကျောင်းသားကျောင်းသူများ ပိုမိုတတ်မြောက်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)