လေးမျက်နှာ အောက်တိုဘာ ၂၂
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ မိုးစပါးစံပြကွက်များ ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် (၉) နာရီက ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာဖြစ်သော စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာ ကွင်းအမှတ် (၁၂၂၃) တွင် မြို့နယ်မိုးစပါးစံကွက် ရိတ်သိမ်းရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံ တောင်သူများနှင့် မိုးစပါးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှုန်းထားအမျိုးမျိုး ထည့်သွင်းထားသည့် စံပြကွက်များ ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးရာသီမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှုန်းထားအမျိုးမျိုး ထည့်သွင်းထားသည့် စံပြကွက်များ ရိတ်သိမ်းရာတွင် တောင်သူဦးဌေးအောင်၏ ကွင်းအမှတ် (၁၂၂၃) ဦးပိုင်အမှတ် ၂၆ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်း ၁ ဧကရိတ်သိမ်းရာတွင် အစိုထွက်တင်း ၉၆.၄၀ နှုန်းထွက်ရှိကြောင်း သိရသည်။
မိုးစပါးစမ်းသပ်ကွက်၊ စံပြကွက်ရိတ်သိမ်းရာသို့ ခရိုင်စိုက်ပျိူးရေးဦးစီးဌာန ဦးစီးမှူးဦးဝင်းမြင့်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဌာနမှူး ဦးရဲရင့်ထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ၀န်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)