ပေါင်းတည် နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး အဖွဲ့များသည် ယနေ့နံနက်ပိုင်းက ကျေးရွာများသို့ ဆက်လက်စာရင်း ကောက်ယူပြုစုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုသည် တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှုစာရင်းများ အတည်ပြု ထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ထိုဆောင်ရွက်မှုကို မြို့နယ်အတွင်း ရပ်ကွက် ၂ခု၊ကျေးရွာ ၄၈ ရွာ ရှိ အိမ်ထောင်စု ၅၉၈၈ စုတွင် မွေးမြူထားကြသော တိရစ္ဆာန်ကောင်ရေများကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သင်တန်းပေးထားသော စာရင်းကောက်ယူရေးအဖွဲ့များက မင်းကွက်၂ရပ်ကွက်၊ လှေဆိုင်ကျေးရွာနှင့် ချောင်းနားကျေးရွာတို့တွင် စတင်စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရွက်နေမှုများကို မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး ယင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာသင်းသင်းခိုင်က အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)