၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

ဘားအံ နိုဝင်ဘာ ၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့်သင် ဆရာဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြင့်ဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခန့်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးမှုအတွက် အဓိကအရင်းအနှီးမှာ ပညာရေးဖြစ်ကြောင်း၊ လူ့ဘောင်အဖွဲ့အစည်း တိုးတက်မြင့်မားစေရန်အတွက် အရည်အသွေးပြည့်မီသော ပညာရေးသည် မရှိမဖြစ်လိုအပ်သော အရင်းအနှီးဖြစ်ပါကြောင်း၊ မြန်မာ့ပညာရေးစနစ်၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ သင်ယူသူလူငယ်များကို ၂၁ရာစုအတွက် လိုအပ်သော အသိပညာနှင့်ကျွမ်းကျင်မှုများ တတ်မြောက်လာစေရန်ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှုဖြစ်စဉ်အရ တီထွင်ဖန်တီးသည့် အဆင့်ရောက်ရှိအောင် သင်ကြားပေးနိုင်ရန် ယခုလို သင်ထောက်ကူပစ္စည်းများ အသုံးချမှုသည် လွန်စွာအရေးကြီးပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်သင် ဆရာဆရာမစုစုပေါင်း(၄၃၈)ဦးအား ဘားအံတက္ကသိုလ်မှ နည်းပြဆရာဆရာမ (၃၆)ဦးတို့က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ နှင့်အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမတို့တွင် (၂)ရက်တာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)