ဝန်းသိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းဝင် ၅၂ ဦးကို ငွေကျပ် ၄၃၆ သိန်း ပြန်လည် ထုတ်ချေးပေး

ဝန်းသို အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကျေးရွာအုပ်စုအတွင်းရှိ (တပ်လွင်+‌ ဆင်ကုန်း+ ကျောက်တော) မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးရွာတစ်ယူနစ်အတွက် ဆဌမအကြိမ် လည်ပတ်ရန်ပုံငွေကျပ် (၄၃၆) သိန်းအား စီမံကိန်းအသင်းဝင်(၅၂)ဦးကို ယမန်နေ့က လက်ဝယ်အရောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း ချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၇)ဦးကို ငွေကျပ်သိန်း(၇၀)၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ(၄၄)ဦးကို ငွေကျပ်သိန်း(၃၅၆)၊ အသေးစား ရောင်းဝယ်ရေး လုပ်ငန်း ဆောင်ရွက်ရန် တောင်သူတစ်ဦးကို ငွေကျပ်(၁၀)သိန်း စုစုပေါင်း ငွေကျပ်(၄၃၆)သိန်းကို တောင်သူ(၅၂)ဦးအား တစ်ပိုင် တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင် စေရန် ပြန်လည်ထုတ်ချေး ပေးခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်း များက ကွင်းဆင်းကြီးကြပ်ဆောင်ရွက် ပေးခဲ့သည်။

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဆင်းရဲသောမိသားစုများ အလုပ်အကိုင်အခွင့် အလန်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိရာ ဝန်းသိုမြို့ နယ်တွင် ကျေးရွာပေါင်း(၃၅)ရွာ၊ ယူနစ်ပေါင်း(၂၁)ယူနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)