ဘိုကလေး နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၅)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်မြတ်သောသွေးလှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့နယ် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့်။
သွေးလှူဒါန်းရာတွင် မြို့နယ်ကုတင်(၁၀၀)ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သွေးလှူဒါန်းသောဝန်ထမ်းများ၏ သွေးအမျိုးအစားများအား စစ်ဆေးပေးခြင်း၊ ကူးစက်ရောဂါပိုးများရှိ/မရှိ စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီး သွေးလှူဒါန်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
သွေးလှူဒါန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ကုတင်(၁၀၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအောင်သူထက်နှင့်တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး သွေးလှူဒါန်းကြသော ဝန်ထမ်း (၈)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းမှ ဦးဆောင်၍ ချီးကျူးဂုဏ်ပြုစကားများပြောကြားပြီး ဆေး၊ ကိတ်မုန့်၊ အအေးနှင့်ကြက်ဥများကို ပေးအပ်ခဲ့ကြကြောင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အရုဏ်ဆွမ်းလောင်းလှူခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၏ ဘောလုံးပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကိုလည်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်ခန့်(ပြန်/ဆက်)