ဂန့်ဂေါမြို့နယ်တွင် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်

ဂန့်ဂေါ အောက်တိုဘာ  ၂၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာ(၈)ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲလက်မှတ်ထည့်မည့် မဲပုံးအား စစ်ဆေး၍ လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်သည်။

အခမ်းအနားကို ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဝင်းက ကြိုတင်မဲ လက်မှတ် ထည့်မည့်မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခြင်း၊ ကြိုတင်ဆန္ဒမဲနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များ ပြောကြားပြီး တက်ရောက် လာသည့်တာဝန်ရှိသူများ၏ မေးမြန်းချက်များအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ဂန့်ဂေါခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်နွယ်နွယ်လွင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဆုရည်ဖြိုးတို့က တက်ရောက် လာသည့် သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းများရှေ့တွင် လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခြင်း ဆောင်ရွက်သည်။

ဂန့်ဂေါမြို့နယ်တွင် မဲရုံပေါင်း (၁၈၃)ရုံရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စု(၇၄)အုပ်စုမှ အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေး ခွင့်ရှိသူ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများအရ (၁၀၈,၄၉၆) ဦးရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)