တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပုသိမ် နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှ နယ်လှည့်အထူးကုဆေးအဖွဲ့မှပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယမန်နေ့တွင် ကျုံကူးကျေးရွာအုပ်၊ ကျုံကူးကျေးရွာသို့ရောက်ရှိ၍ ကျုံကူးကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်းတွင်အခြေပြု၍ အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ (၁၀၆၅)ဦးအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ မွန်းလွဲပိုင်းတွင်သွားရောက်၍ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကြည့်ရှုအားပေးခဲ့ပြီး တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆေးဝါးနှင့်ထောက်ပံ့ငွေများအားလည်းကောင်း၊ တိုင်းမှူးမှစားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိတ္တသုခကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ၊ ဆေးကုသမှုဆိုင်ရာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ဆေးကုသမှုဆိုင်ရာရောဂါ (၃၄၀) ဦး၊ ခွဲစိတ်ရောဂါ (၈၇)ဦး၊ သားဖွား/မီးယပ်ရောဂါ (၅၂)ဦး၊ ကလေးရောဂါ (၅၅ )ဦး၊ အရိုးရောဂါ(၁၂၀)ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ (၆၅)ဦး၊ မျက်စိရောဂါ (၂၄၇)ဦးနှင့် သွားနှင့်ခံတွင်းရောဂါ (၉၉)ဦးတို့အား ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးပေးခြင်း၊ ECG ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်းနှင့် ဓာတ်ခွဲစမ်းသပ်လူနာများအား ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယခုလ ၄ ရက် နေ့မှ ၅ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကုသပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)