အုတ်တွင်း နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ယာယီနေရပ်စွန့်ခွာသူစခန်းများရှိ အိမ်ထောင်စုများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)မှ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
စက်တင်ဘာလနှင့် ဩဂုတ်လအတွက် ထောက်ပံ့ပေးရာတွင်လူတစ်ဦးလျှင် ဆန် ၁၃ပြည် နို့ဆီဘူးလေးလုံး၊ ကုလားပဲ တစ်ပြည် နို့ဆီဘူးခြောက်လုံး၊ စားဆီ နှစ်လီတာ၊ လူငါးဦးလျှင် ဆားနှစ်ထုပ်နှုန်း၊ အသက် ၆ လမှ ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ (အသက် ၆ လအောက် ကလေးမိခင်များ)အတွက် ဂျုံပဲပိစပ်ရော အာဟာရမှုန့် ၁ ဒသမ ၅ ကီလိုဂရမ် နှစ်ထုပ်နှုန်းတို့ကို အုတ်တွင်းမြို့နယ် ပဲခူးလမ်းရပ်ကွက် မြို့လယ်ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်း၊ ပေါက်တောကျေးရွာအုပ်စု ဗောဓိကုန်း ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၊ ဘုရားနှစ်ဆူကျေးရွာအုပ်စု ဘုရားနှစ်ဆူ ဘုန်းတော်ကြီးကျောင်း၊ အုတ်ဖိုကျေးရွာအုပ်စု စိတ္တသုခသာသနာ့ဗိမာန်နှင့် ကျောင်းရှစ်ဆယ် ကျေးရွာအုပ်စု အရှေ့ရေဖြူကင်းကျေးရွာ အုတ်ဖိုဘုန်းတော်ကြီးကျောင်းတို့တွင် စုရပ်ငါးနေရာ သတ်မှတ်၍ အိမ်ထောင်စု ၇၂၃ စု လူဦးရေ ၃၈၀၀ ဦးအား လာရောက် ထောက်ပံ့ပေးသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)