မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး)ဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး နိုဝင်ဘာဘာ  ၅

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာ လှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း)စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီအချိန်က မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး)ဝင်းအတွင်း ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ် ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး အသင်းအဖွဲ့ များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်နှင့်အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှု ကူညီရေးအဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ ဆေးတက္ကသိုလ်(မကွေး)ဝန်းအတွင်းရှိ မြက်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ဆေးတက္ကသိုလ်ဝန်းအတွင်း အဆောက်အဦနှင့် မလွတ်ကင်းသော သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်း စွန့်ပစ်ခြင်းများကို ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ခဲ့ကြပြီး၊ စုပေါင်းသန့်ရှင်ရေး ဆောင်ရွက်သည့်  ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၇)မြို့နယ်တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စုစုပေါင်းအင်အား (၃၄၀၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြကြောင်းနှင့် မြို့နယ်အသီးသီးရှိ ဘုရားစေတီ ပုထိုးများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံးများ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများကျန်းမာရေးဆိုင်ရာ အထောက် အကူဖြစ်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ် (စနေနေ့တိုင်း) လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ