အမာမြို့အတွင်းရှိ သဘာဝဘေးဒဏ်သင့် အိမ်ထောင်စုများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်

အမာ အောက်တိုဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စုနှင့် ဘဝသစ်ကျေးရွာအုပ်စုအတွင်း စက်တင်ဘာလ   (၂၀) ရက်နေ့တွင်ဖြစ်ပွါးခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ဒီရေ   မြင့်တက် မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စုများအတွက် ယမန်နေ့က ဖျာပုံခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးဒဏ်သင့်ပြည်သူတို့၏ လက်ဝယ်သို့ လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ နောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နေ့လည် (၃) နာရီအချိန်တွင် နောက်မီး ကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာတွင် (၂၀-၁၀-၂၀၂၀) ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး ပင်လယ်ဒီရေ မြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ဒေသ ပျက်စီးခဲ့သော  လူနေအိမ် (၁၅၂) လုံး၊ အိမ်ထောင်စု (၁၅၂) စုအတွက် (၁) အိမ်ထောင်လျင် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ (၃၅,၀၀၀) ကျပ်နှုန်းဖြင့် (၅,၃၂၀,၀၀၀) ကျပ်၊  လူဦးရေစုစုပေါင်း (၆၇၄) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၇) ရက်စာ (၁,၄၁၅,၄၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ Box (၁) လုံးစီကိုလည်းကောင်း၊ ဘဝသစ် ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် ပင်လယ်ဒီရေမြင့်တက်ပြီး ရေလှိုင်း ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၈၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ပါ Box (၁) လုံးတို့ကို  ဖျာပုံခရိုင်၊ ဘေး/စီမံဌာနမှ ခရိုင်ဦးစီးမှူးဦးမော်နိုင်ထွန်း၊  နောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးဦးရင်စိန်တို့က သက်ဆိုင်ရာ လေဘေးသင့်ပြည်သူတို့၏ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နောက်မီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးရင်စိန်ထံမှ သိရသည်။

နော်လေး(အမာ)