မင်းဘူးမြို့၌ သာသနာ့ဗိမာန်တော် အဆောက်အအုံသစ်ဆောက်လုပ်ရန် မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

မင်းဘူး နိုဝင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် သာသနာ့ဗိမာန်တော် အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် မြေသန့်မင်္ဂလာပြုလုပ်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီက အဆိုပါ အဆောက်အအုံသစ် ဆောက်လုပ်မည့် မင်းဘူးမြို့ ဦးဩဘာသခန်းမဘေးရှိ မြေကွက်လပ်၌ ကျင်းပသည်။

ရှေးဦးစွာ မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများက နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃာ့ဝန်ဆောင် မင်းဘူးမြို့၊ မဟာဝိသုတာရာမစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သာသနာ့ဗိမာန်တော်ကြီးအား အောင်မြင်စွာ ဆောက်လုပ်ပြီးစီးနိုင်ရန်အတွက် ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များနှင့် ရွှေပန္နက်တော်၊ ရွှေလက်ရိုက်တော်တို့ကို သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်ပူဇော်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်သံဃာ့ဝန်ဆောင် မင်းဘူးမြို့၊ မဟာဝသုတာရာမစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဉာဏိက အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များနှင့် ကမ္မဝါစာတရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ သံဃာတော်အရှင်သူမြတ်များထံမှ အနုမောဒနာတရားတော်အားနာယူပြီး ရေစက်သွန်းချ အမျှအတန်းများပေးဝေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ယခု အကောင်အထည်ဖော်ဆောက်လုပ်မည့် သာသနာ့ဗိမာန်တော်ကြီးကို မင်းဘူးမြို့လယ်ရှိ မင်းဘူးမြို့ ဦးဩဘာသခန်းမဘေးရှိ မြေနေရာ ၁ ဒသမ ၅၃ ဧကတွင် ဆောက်လုပ်သွားမည်ဖြစ်ကာ အဆောက်အဦ အရွယ်အစားအနေဖြင့် အလျားပေ ၁၈၀၊ အနံ ၉၀ ပေရှိ အာရ်စီနှစ်ထပ် ဆောက်လုပ်သွားမှာဖြစ်ကြောင်းသိရကာ ယင်းသာသနာ့ဗိမာန်တော်ကြီးကို သာသနိကအဆောက်အဦအဖြစ် သိသာထင်းရှားပေါ်လွင်အောင် ရှေ့မျက်နှာစာများတွင် မြန်မာ့မှု၊ မြန်မာ့ဟန်ရှေးမူလက်ရာများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသာသနာ့ဗိမာန်တော်ကြီး  ဆောက်လုပ်ပြီးစီးပါက မင်းဘူးမြို့အတွင်း ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲများ၊ အစိုးရပါဠိပထမပြန်စာမေးပွဲများ၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနားပွဲများနှင့် ဓမ္မပူဇာသဘင် အခမ်းအနားပွဲများကို ခန့်ညားထည်ဝါစွာဖြင့် အဆင်ပြေစွာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)