ကြံခင်းမြို့နယ် (အ-ထ-က)ဆိပ်သာကျောင်းတွင် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၃) ဖွင့်လှစ်ပို့ချ

ကြံခင်း   နိုဝင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဉ်များထိရောက်အောင်မြင်စေရန်၊ စေတနာ့လုပ်အားရှင်လူငယ်များ တိုးပွားစေရန်နှင့် ရှေးဦးပြုစုခြင်းပညာရပ်တိုးပွားစေရန်ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၃/၂၀၂၃) သင်တန်းကို  ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊  (အ-ထ-က)ဆိပ်သာ ကျောင်းခန်းမတွင်  ဖွင့်လှစ်ပို့ချကြောင်း သိရသည်။

ရှေးဦးစွာ ဆိပ်သာမြို့မရဲစခန်းမှရဲအုပ်ရာဇာစိုးကအဖွင့်အမှာစကားပြောကြားပြီး၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌဒေါ်ခင်ခင်စန်းက ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်လှစ် ပို့ချပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဆိပ်သာနယ်မြေခံတပ်ခွဲမှူးဦး ကျော်ကျော်အောင်က ပို့ချပေးမည့်ဘာသာရပ်ဆိုင်ရာများကိုရှင်းလင်းပြောကြားပါသည်။

ထို့နောက် သင်တန်းစတင်ရာဆိပ်သာအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးရဲဇော်လင်းနှင့်အဖွဲ့ဝင်များက သင်တန်းသား/သူများအား  ဘာသာရပ်အလိုက် စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးကြရာ ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုအခြေခံသဘောတရား၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ၊ လူနာဆန်းစစ်ခြင်း၊ အဆိပ်မိခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း မူးမေ့ခြင်း သတိလစ်ခြင်း၊ ကြွက်သားအရိုးအဆစ်ဒဏ်ရာ ဘာသာရပ်များကို စာတွေ့သင်ကြားပေးပြီး  လူနာသယ်ဆောင် ကိုင်တွယ်နည်း၊ အခြေခံ အသက်ကယ်အထောက်အကူပြုနည်းများကို လက်တွေ့သင်ကြားပို့ချပေးကြောင်း သိရသည်။

သင်တန်းတွင်(အ-ထ-က)ဆိပ်သာကျောင်းမှကျောင်းသား/သူ (၅၉)ဦးတက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ နိုဝင်ဘာလ(၅)ရက်နေ့အထိ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)