ဆော အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရေး နှင့် ပင်စင်ထုတ်ယူရေး အဆင်ပြေစေရန် ပင်စင်လစာများကို အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အငြိမ်းစားပင်စင်လစာများထုတ်ပေးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် အောက်တို ဘာ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့ရက်များအလိုက် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၃ နာရီအချိန်ထိ ထုတ်ပေး လျက်ရှိကြောင်းနှင့် သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်း စားပင်စင် စားများသည် နိုဝင်ဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ခင်သန်းထွေးထံမှ သိရသည်။
ယင်းသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက်ထုတ်ယူ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)