ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ/ဆရာမများအား "သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးပြုသင်ကြားနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ" ပြည်တက္ကသိုလ်၌ကျင်းပ

ပြည် နိုဝင်ဘာ ၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ/ဆရာမများအား ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်ဆိုင်ရာ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးပြုသင်ကြားနိုင်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အရည်အသွေးမြှင့် ဆွေးနွေးပွဲသို့  ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)အတွင်း အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ/ဆရာမ  စုစုပေါင်း ၇၇၃ဦး တက်ရောက်ကာ ၎င်းတို့ကို ပြည်တက္ကသိုလ်မှ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်ဆိုင်ရာ နည်းပြဆရာ၊ဆရာမ စုစုပေါင်း ၅၅ ဦးက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ထောက်ကူပစ္စည်းများ စနစ်တကျအသုံးပြုပုံ/အသုံးပြုနည်းများနှင့် သီအိုရီများအပါအဝင် စာတွေ့/လက်တွေ့ သင်ကြားပို့ချ ပေးလျက်ရှိပြီး ဘာသာရပ်အလိုက် သင်တန်းသား/သင်တန်းသူများအချင်းချင်း အုပ်စုဖွဲ့၍ အပြန်အလှန်လက်တွေ့ဆွေးနွေးခြင်းများဖြင့်  သင်ကြား/သင်ယူမှုများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသင်ကြား/သင်ယူဆွေးနွေးပွဲဆောင်ရွက်နေမှုအား ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်တန်းရေးရာဌာနမှူးများ၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပညာရေးမှူးရုံးခွဲ (ပြည်)မှ တိုင်းဒေသကြီးရုံးခွဲပညာရေးမှူး ဦးတင်ယုနှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကြပြီး ဆွေးနွေးပွဲမှရရှိလာသော ပညာရပ်များကိုဒေသတွင်းရှိ အခြေခံပညာအထက်တန်းဆင့် သင်ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ ပြန်လည်သင်ကြားပို့ချနိုင်မည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲကာလ နှစ်ရက်ကြာမြင့်မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးခွဲမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)