(၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

လွိုင်ကော် နိုဝင်ဘာ ၅

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်ခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက ပြည်နယ်ပြည်သူ့ဆေးရုံကြီးနှင့် တပ်မတော်ဆေးရုံတို့၌ ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် ကယားပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးလက်ခံရယူခြင်းနှင့် စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးကာ သွေးလှူဒါန်းကြသည့် ဝန်ထမ်းများထံ အားဆေး၊ အချိုရည်၊ ကြက်ဥ၊ ဌက်ပျောသီး စသည့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများသည် တပ်မတော်ဆေးရုံသို့ သွားရောက်၍ လွိုင်ကော်ခရိုင်နှင့် ဒီးမော့ဆိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးကာ သွေးလှူဒါန်းကြသည့် ဝန်ထမ်းများထံ အားဆေး၊ အချိုရည်၊ ကြက်ဥ၊ ဌက်ပျောသီး စသည့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါစုပေါင်းသွေးလှူဒါန်းရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများနှင့်အခြားအဆင့်ဝန်ထမ်း စုစုပေါင်း (၆၅)ဦးတို့က သက်ဆိုင်ရာဆေးရုံများတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)