နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ MSMEs လုပ်ငန်းရှင်များအား ထောက်ပံ့အားပေး ကူညီလျက်ရှိရာ MSMEs လုပ်ငန်းများသည် နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးပါသောကဏ္ဍတစ်ခု ဖြစ်လာပါသည်။
နိုင်ငံတော်အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း များ၏ ကုန်ထုတ်လုပ်ခြင်းများ တိုးတက်အောင် အားပေးဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ (MSME) လုပ်ငန်းများ အားပေးဆောင်ရွက်မှုဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဒေသ အသီးသီးတွင် ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ ရောင်စုံပလတ်စတစ်ကြိုးများကို အသုံးပြု ထုတ်လုပ်သော ကန့်ဘလူမြို့ရှိ “အလှဆွဲခြင်းနှင့် လက်ဆွဲအိတ်အမျိုးမျိုး ရက်လုပ်သည့် လုပ်ငန်း” သည်လည်း အထိုက်အလျောက်အောင်မြင်လျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါ သည်။ အဆိုပါလုပ်ငန်းကို မိသားစု စားဝတ်နေရေးအတွက် တစ်ပိုင်တစ်နိုင် စတင်လုပ်ကိုင်ခဲ့ရာမှ တိုးချဲ့၍ စီးပွားဖြစ်လုပ်ကိုင်နိုင် နေသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။
လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် အလှဆွဲခြင်းနှင့် လက်ဆွဲအိတ်အမျိုးမျိုး ရက်လုပ်နေမှုများနှင့် စပ်လျဉ်း၍ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးသာထွန်းဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြပေးလိုက်ပါသည်-
မေး- ရောင်စုံပလတ်စတစ်ကြိုးပြားများကို အသုံးပြု၍ အလှဆွဲခြင်းနှင့် အခြားပစ္စည်းများ ရက်လုပ်ခြင်းကို စတင်လုပ်ဖြစ်ခဲ့ပုံကို ရှင်းပြပေးပါ။
ဖြေ- ကျွန်တော်ကျောင်းသားဘဝကတည်းက ဝါသနာပါတာရယ်၊ သူငယ်ချင်းတွေကလည်း မှာယူကြတာရယ်ကြောင့် စပြီးလုပ် ဖြစ်သွားတာပါ။ မိသားစုအတွက်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေလည်းရပါတယ်ဗျ။
မေး- ရက်လုပ်ဖို့ကုန်ကြမ်းတွေကို ဘယ်လိုမှာယူစုဆောင်းရပါသလဲ၊ ဘယ်လိုအမျိုးအစား တွေကို အသုံးပြုပါသလဲ။
ဖြေ- ကုန်ကြမ်းက အရင်ကတော့ မန္တလေးမြို့ကနေ မှာယူရပါတယ်။ အခုတော့ ကန့်ဘလူ မြို့မှာလည်း ဝယ်လို့ရနေပါပြီ။ ကြိုးအခွေလိုက် (၁ ပိဿာ) ကျော် 2 kg အခွေရောင်စုံ လာပါတယ်။ အမျိုးအစားကတော့ ရိုးရိုးကြိုး၊ ယိုးဒယားကြိုး၊ မှိုတက် (အပျော့)ကြိုးဆိုပြီး (၃)မျိုးလာ ပါတယ်။ ကျွန်တော်ကတော့ ယိုးဒယားကြိုးကိုပဲ သုံးပါတယ်။
မေး- ဒီလက်မှုရက်လုပ်ခြင်းကို အလှဆွဲခြင်းအပြင် ပစ္စည်းအမျိုးအမည် ဘယ်နှမျိုးလောက် ရက်ပါသလဲ။
ဖြေ- အမျိုးအမည်ကတော့ အတော်များပါတယ် (၇)/(၈)မျိုးလောက်ရှိပါတယ်။ ဆွဲခြင်း၊ အဖုံး ပါတဲ့ဆွဲခြင်း၊ လက်ကိုင်အိတ်၊ လက်ဆွဲသေတ္တာ၊ ဘေးလွယ်အိတ်၊ ထမင်းချိုင့်ထည့်ခြင်း၊ သစ်သီး ထည့်ခွက်၊ ဘောပင်ထည့်ခွက် စတာတွေ ဖြစ်ပါတယ်။ မှာသူ လိုချင်တဲ့ ဒီဇိုင်းပစ္စည်းမျိုး လေးတွေကို ဆန်းသစ်ရက်လုပ်ပေးရင်းကနေ အမျိုးအမည်များသွားတာဘဲ ဖြစ်ပါတယ်။
မေး- ပစ္စည်းအမျိုးအစားအလိုက် ရောင်းဈေးလေးတွေကို သိပါရစေ။
ဖြေ- အခုနောက်ပိုင်း ကုန်ကြမ်းဈေးက (၃)ဆလောက်တက်လာတာဆိုတော့ အခုရောင်းဈေး တက်တာပေါ့။ အမျိုးအစား တစ်ခုချင်းအလိုက် အရွယ်အစားပေါ်မူတည်ပြီး ၃၀၀၀ ကျပ်ကနေ ၂၀၀၀၀ ကျပ်လောက်ထိရှိပါတယ်။
မေး- ဒီပလတ်စတစ်အလှခြင်း ရက်ခြင်းနဲ့ အသက်မွေးဝမ်းကျောင်းတစ်ခုတည်းကိုဘဲ ဆောင်ရွက်နေတာလား။
ဖြေ- ကျွန်တော်က အငြိမ်းစားဝန်ထမ်းပါ။ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလည်းလုပ်ပါတယ်။ လက်မှုပညာဝါသနာပါပြီး သင်ယူချင် သူတွေကိုလည်း သင်ပေးပါတယ်။ ကောလင်း၊ ဝန်းသို ဘက်ကနေ လာရောက်သင်ယူသူတွေရှိပါတယ်။ အခုဆိုရင် သူတို့တွေ စီးပွားဖြစ်လုပ်ကိုင်နေ ကြပါတယ်။ ဒီမြို့မှာလည်း တော်တော်များများ လုပ်ကိုင်ကြပါတယ်။
မေး- ဒီအလှဆွဲခြင်း ရက်လုပ်ပုံလေးကိုလည်း ရှင်းပြပေးပါအုံး။
ဖြေ- ဆွဲခြင်းရဲ့အောက်ခြေကနေစပြီး ရက်လုပ်ရပါတယ်။ အပင်ရေနဲ့ပါ။ ၁၅ ပင်၊ ၁၇ ပင်၊ ၁၉ ပင်၊ ၂၁ ပင်စသည်ဖြင့် (မ)ဂဏန်း အရေအတွက်နဲ့ စတည်ပြီး ရက်ရပါတယ်။ အောက်ခြေ အပြားကို အရင်ရက်ပြီး ဘေးနားပတ်ပြီးထောင်၍ ရက်ရပါတယ်။ အရွယ်အစားဆိုဒ် တစ်ခုနဲ့ တစ်ခုကြား (၂)ပင်ကွာပြီး ရက်ရပါတယ်။ ကျွန်တော်ကတော့ ၂၉ ပင်၊ ၃၁ ပင် ဆိုဒ်ထိရက်ပါ တယ်။ အဖုံးပါတဲ့ဆွဲခြင်း ရက်ရာမှာတော့ အဖုံးကို အောက်ခြေပြားထက် (၁)ပင်ပိုပြီး ရက်ရပါ တယ်။ အဖုံးပိတ်ပါတဲ့ဆွဲခြင်း ရက်ရာမှာတော့ အဖုံးမပါတဲ့ ဆွဲခြင်း(၂)လုံးစာ ရက်ရသလိုဘဲ ကြာပါတယ်။ လက်ဝင်ပါတယ်။ အဖုံးပါတဲ့ ဆွဲခြင်းရက်ရာမှာ အဖုံးအဖွင့်အပိတ် အဆင်ပြေ ခိုင်ခန့်အောင် အနားသားထဲကို သွပ်နန်းကြိုးထည့်ပြီးရက်ပါတယ်။ ဆွဲခြင်းကို အသုံးပြုရာမှာ မကွဲအောင် ရက်လုပ်တဲ့အခါ ကြိုးဆက်နေရာကို တစ်နေရာတည်းမဆက်ဘဲ တစ်ခုနဲ့တစ်ခုကို ပြန်ထိန်းသွားအောင် နေရာမျှပြီး လှည့်ပတ်၍ ဆက်ရပါတယ်။ တစ်နေရာတည်းဆက်ခြင်းက ကွဲတတ်ပါတယ်။ ဒါပေမဲ့ ရက်လုပ်ရတာမြန်တယ်။ နေရာအနှံ့ ဆက်တာက ရက်လုပ်ရာမှာ ကြာတော့ကြာပါတယ်။ ဒါပေမဲ့ ခိုင်ခန့်မှုကပိုပါတယ်။ ကျွန်တော်ကတော့ အဲလိုဘဲရက်ပါတယ်။ ရိုးရိုးဆွဲခြင်းရက်ရင်တော့ (၁)ရက်ကို (၂)လုံး (၃)လုံးပြီးပါတယ်။ အဖုံးပါတဲ့ခြင်း၊ အဖုံးပါတဲ့ လက်ကိုင်အိတ်တို့ရက်ရင်တော့ (၁)လုံးကို (၂)ရက်လောက်ကြာပါတယ်။
မေး- အသင့်ရက်လုပ်ပြီးသားဆွဲခြင်းနဲ့ အခြားပစ္စည်းများကို ဈေးကွက်အနေနဲ့ ဘယ်မြို့တွေကို ပို့ဆောင်ပါသလဲ။
ဖြေ- ကျွန်တော်တို့ ရက်လုပ်တဲ့ဆွဲခြင်းအပါအဝင် အခြားပစ္စည်းတွေကို အမျိုးအစားအလိုက် ဆိုဒ်စုံအတွဲလိုက်ကို ဟိုပင်မြို့၊ ဝန်းသိုမြို့နဲ့ ရန်ကုန်မြို့တွေကို အများဆုံး ပို့ဆောင်ပါတယ်။ အိမ်မှာလဲ လာဝယ်သူတွေရှိပါတယ်။ ဒီမြို့မှာလည်း ဝယ်ယူတဲ့ဒိုင် တွေရှိပါတယ်။ တခြားနေရာ တွေကတော့ ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတွေရှိရာက လှမ်းမှာရင်လည်း ပို့ပေးပါတယ်။
မေး- ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး စကားလက်ဆောင်လေးပြောကြားပေးပါအုံး။
ဖြေ- ရောင်စုံပလတ်စတစ်ကြိုးနဲ့ အလှဆွဲခြင်း၊ လက်ဆွဲအိတ်နဲ့ အခြားအလှပစ္စည်းတွေ ရက်လုပ်ထားတဲ့ပစ္စည်းတွေဟာ လှပပြီး ကြာရှည်လည်းခံပါတယ်။ လက်မှုလုပ်ငန်း တစ်ခု အနေနဲ့ ရက်လုပ်ရာမှာလည်း အခြားစိုက်ပျိုးရေးလုပ်ငန်းလုပ်ရင်းနဲ့လည်း ချထားခဲ့လိုရတဲ့ လုပ်ငန်းပါ။ နောက်ရောက်တဲ့နေရာကနေ ဆက်ပြီးပြန်ရက်လို့လည်း အဆင်ပြေပါတယ်။ တစ်ပိုင်တစ်နိုင်အနေနဲ့ လည်း မိသားစု အပိုဝင်ငွေရပါတယ်။ စီးပွားဖြစ်လုပ်ရင်လည်း အောင်မြင် နေကြပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းကိုလည်း လုပ်သင့် ပါတယ်။ ပစ္စည်းထည့်သယ်ယူရာမှာလည်း လှပပြီးခိုင်ခန့်မှုရှိတာကြောင့် ဒီအလှဆွဲခြင်း၊ လက်ကိုင်အိပ်၊ ထမင်းဘူးထည့်ခြင်း တွေကို ဈေးသွား၊ ရုံးသွားနဲ့ ခရီးသွားရာမှာ အများဆုံးအသုံးပြုလေ့ရှိပါကြောင်း တင်ပြအပ်ပါသည်။
တွေ့ဆုံမေးမြန်း - နန်းမြင့်