ကသာခရိုင်ဌာနဆိုင်ရာများ၏ စိုက်ခင်းများတွင် စားဖိုဆောင်သီးနှံပင်များ စိုက်ပျိုးထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ကသာ နိုဝင်ဘာ ၄

ကသာမြို့နယ်တွင် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တစ်ဖက်တစ်လမ်းမှ အကူအညီဖြစ်စေရန် ဌာနဆိုင်ရာရုံးများတွင် မြေလွတ်မြေလပ်မကျန် စားဖိုဆောင်သီးနှံပင်များ စိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက် (၉)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်ဦးဆောင်သည့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်မွေး/ကုဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်လယ်စီးအင်းဦးစီးဌာနနှင့် ခရိုင်ပြန်/ဆက်ဦးစီးဌာနတို့မှ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် စုပေါင်းဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ မြေလွတ်များတွင် ဝန်ထမ်းအိမ်ရာတိုက်များအလိုက် စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံပင်စိုက်ခင်း များကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနရှိ စိုက်ခင်းများကို သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းက ဝန်ထမ်းများ၏ စားဖိုဆောင်သီးနှံစိုက်ခင်းတွင် စိုက်ပျိုးထားသည့် ဘူး၊ ခဝဲ၊ ခရမ်း၊ မုန်ညှင်း၊ ချဉ်ပေါင်စ သည်များကိုလည်းကောင်း၊ ငါး၊ ဘဲ၊ ကြက်နှင့် အသားတိုးဝက်များ မွေးမြူထားမှုအခြေအနေများကိုလည်းကောင်း၊ ကျွန်းစိုက်ခင်းနှင့် ငှက်ပျောပင်၊ သင်္ဘောပင်၊ ဒညင်းပင်၊ ကြောင်လျှာပင်များစိုက်ပျိုးထားရှိမှု၊ ခြံစည်းရိုးစိုက်ပျိုးမှုအဖြစ် ဝါးပိုးဝါးပင်များ၊ မျှင်ဝါးပင်များ စိုက်ပျိုးထားရှိမှုနှင့် အလှပန်းပင်များ စိုက်ပျိုးထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသပေးခဲ့ရာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများရှိ မြေကွက်လပ်များတွင်  စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် စပ်လျဉ်း၍ ဝန်ထမ်းအင်အားနှင့် စိုက်ပျိုးထားရှိမှု လုံလောက်မှုရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ် ဌာနများအလိုက် အလှည့်ကျစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)