ပွင့်ဖြူ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန် ရည်ရွယ်ပြီး နှံစားပြောင်း၊ နေဗီယာမြက်၊ ပဲသီးနှံအစရှိသည့် ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ဧက ၁၁၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကျွဲနွားတိရစ္ဆာန်အစာပင် ၇၄၂၅ ဧက စိုက်ပျိုးရန် လျာထားရှိပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် အောက်တိုဘာလဆန်းပိုင်းကစပြီး ကျွဲနွားတိရစ္ဆာန်အစာများဖြစ်သည့် နှံစားပြောင်း၊ နေဗီယာမြက်၊ ပဲသီးနှံများကို ကြိုးပမ်းစိုက်ပျိုးခဲ့ရာ ယနေ့အထိ ၁၁၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ၇၄၂၅ ဧက စိုက်ပျိုးသွားဖို့ လျားထားပါတယ်။ ဒေသခံတောင်သူတွေကိုလည်း ကျွဲနွားတိစ္ဆာန်တွေအတွက် အစာရှားပါးမှုမဖြစ်စေဖို့နဲ့ ဝင်ငွေတိုးပွားရေးအတွက် မွေးမြူထားရှိတဲ့ ကျွဲနွားတိရစ္ဆာန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ဖို့ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးသွားဖို့ကို တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့် ဒေသခံတောင်သူတွေက ကျွဲနွားတိရစ္ဆာန်အစာ စိုက်ပျိုးရေးကို မိုးသီးနှံစိုက်ခင်းများ သိမ်းဆည်းပြီးတဲ့ လယ်ယာ မြေတွေမှာ အောက်တိုဘာလဆန်းပိုင်းကစပြီး ထွန်ယက်စိုက်ပျိုးခဲ့ကြလို့ ယနေ့အထိ ကျွဲနွားတိရစ္ဆာန်အစာပင် စိုက်ဧက ၁၁၅၇ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအမျိုးအစားအလိုက် အထွက်နှုန်းကောင်းမွန်စေဖို့အတွက် ဒေသခံတောင်သူတွေကို ကွင်းဆင်းကြီးကြပ်ပြီး အသိပညာပေးတာတွေ၊ ပိုးမွှားရောဂါ မကျရောက်စေဖို့ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းတွေကို အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ကျွဲနွားတိရစ္ဆာန်အစာ ဖူလုံစေရန်အတွက် မိုးသီးနှံနှင့် ဆောင်းသီးနှံ စိုက်ပျိုးရာသီချိန်တွင် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ဖြင့် နှံစားပြောင်း၊ ပဲမျိုးစုံသီးနှံ၊ နေဗီယာနှင့် ဖူးစားပြောင်းတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရကာ ထိုသို့ စိုက်ပျိုးရာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိစေရန် စိုက်ပျိုးရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် သဘာဝသွင်းအားစုပစ္စည်း ပြုလုပ်သုံးစွဲပုံနည်းစနစ်များ လက်တွေ့သရုပ်ပြသခြင်း၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းပညာပေးခြင်းစသည့် တောင်သူများ သိရှိလိုက်နာရမည့် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )