တနင်္သာရီ နိုဝင်ဘာ ၄
အခြေခံပညာကျောင်းသားအားကစား ပွဲတော်အတွက် အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများ စေလွတ်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး-မြိတ်ခရိုင် တနင်္သာမြို့နယ်တွင် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ အားကစားအမျိုးအစားအလိုက် လူရွေးချယ်ပွဲကို မြို့မအားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားခန်းမအတွင်း ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ စီစဉ်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူရွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမြတ်ဦး ဦးဆောင်ကြီးကြပ်သော ဆရာ/မများနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ (၁၈)နှစ်အောက်၊ အမျိုးသားဘောလုံး ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောပြိုင်ပွဲနှင့် သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲ စသည့် အားကစားနည်းများဖြင့် အ.ထ.က- တနင်္သာရီမှ အထက်တန်းအဆင့် ကျောင်းသားများက စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်၍ အရွေးချယ်ခံကြကြောင်း၊ အဆိုပါ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ လူရွေးချယ်ပွဲမှ သက်ဆိုင်ရာအားကစားနည်းများအလိုက် ရွေးချယ်ခြင်းခံရသည့် ကျောင်းသားများ အနေဖြင့် မြိတ်ခရိုင်အဆင့်သို့ နိုဝင်ဘာလ (၆) ရက်နှင့် (၇)ရက်၌ သွားရောက်ယှဉ်ပြိုင် ရွေးချယ်ခံရမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး အဆင့်သို့လည်းကောင်း၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်အတွက် ဆက်လက်သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် ရွေးချယ်ခံရမည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)