ဖြူး နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် (၃၅)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖြူးဘိုးဘွားရိပ်သာအတွက် ဆေးပဒေသာပင် လှူဒါန်း၍ သန့်ရှင်းရေးပြုလုပ်ပေးခြင်းများကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမင်းသူ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်မင်းမောင်နှင့်ဝန်ထမ်းများက ဖြူးဘိုးဘွား ရိပ်သာအတွက် ဆေးပဒေသာပင်အလှူငွေကျပ်(၁)သိန်းအား ပေးအပ်လှူဒါန်းရာ မြို့နယ်ဘိုးဘွားစောင့်ရှောက်ရေးအသင်း ကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးပုက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဘိုးဘွားရိပ်သာရှိ အဘိုး(၇)ဦး၊ အဘွား(၃၃)ဦးအား လက်သည်းခြေသည်း ညှပ်ပေးခြင်း၊ ဘိုးဘွားရိပ်သာအတွင်းနှင့် မြို့ဦးစေတီတော်မြတ်အတွင်းတွင် အမှိုက်များ လှည်းကျင်း သန့်ရှင်းရေးများ ဆောင်ရွက်ပေးကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)