ကန့်ဘလူ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့မအားကစားကွင်း(ဘောလုံးကွင်း) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲဖွင့်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး နိုင်ငံတော်အလံကို အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌအား အလေးပြုကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးရွှေအောင်က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုင်သာ နိုင်ငံရေးဦးတည်ချက်နှင့်အညီ ကျန်းမာကြံ့ခိုင်သော မျိုးဆက်သစ်ကျောင်း သားကျောင်းသူများထဲမှ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေ ရေးအတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများအနေဖြင့် အားကစားပြိုင်ပွဲ၏ ရည်ရွယ်ချက်များနှင့်အညီ စည်းကမ်းရှိစွာ၊ တရားနည်းလမ်းကျစွာ ကြိုးစားယှဥ်ပြိုင်သွားကြစေလိုကြောင်း၊ အားကစားကဏ္ဍအလိုက် တာဝန်ယူကျင်းပကြမည့် ကော်မတီဝင်အသီးသီးတို့ကလည်း မိမိတို့ကျရာတာဝန်ကို စနစ်တကျကြီးကြပ်ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြား ခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းမှထွက်ခွာ၍ ဘေးလုံးပြိုင်ပွဲကို စတင် ကျင်းပရာ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းတို့အား အုပ်စု နှစ်စုခွဲ၍ အုပ်စု(A)မှ အထက- ၁ နှင့်အထက- ၂ အသင်းတို့ ယှဥ်ပြိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် ဘောလုံး(ကျား)၊ ဘောလီဘော (ကျား/မ)၊ ပိုက်ကျော်ခြင်း (ကျား) ၊ ပြေးခုန်ပစ်(ကျား/မ)နှင့်စားပွဲတင်တင်းနစ်(ကျား/မ)ပြိုင်ပွဲများကို နိုဝင်ဘာ ၃ ရက်မှ ၉ ရက်နေ့အထိ သက်ဆိုင်ရာနေရာအသီးသီးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယင်းနေ့ကျင်းပသည့် အဖွင့်ပွဲစဥ်တွင် အထက-၁ဘောလုံးအသင်းနှင့် အထက-၂ ဘောလုံး အသင်းတို့ အကြိတ်အနယ်ယှဥ်ပြိုင်ကစားကြရာ အထက- ၁ အသင်းက အထက- ၂ အသင်းကို လေးဂိုးတစ်ဂိုး ဖြင့် အနိုင်ရရှိကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)