ပွင့်ဖြူ အောက်တိုဘာ ၂၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့သော မဲရုံသုံးပစ္စည်းများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ လွှဲပြောင်းပေးအပ်ခြင်းကို အောက်တိုဘာ ၂၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒနယ်မြေ အမှတ်(၁)တွင် မဲရုံပေါင်း(၈၉)ရုံ ၊ မဲဆန္ဒနယ်မြေ အမှတ်(၂)တွင် မဲရုံပေါင်း (၇၄) ရုံ၊ စုစုပေါင်း မဲရုံ (၁၆၃)ရုံ လျာထားဆောင်ရွက်ထားရှိကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေမှာ ၁၃၃၉၀၀ ကျော် ရှိကြောင်းနှင့် အဆိုပါ မဲဆန္ဒရှင်စာရင်း များတွင် ချင်းတိုင်းရင်းသာမဲဆန္ဒရှင်ဦးရေ ၁၄၈၀ ဦးကျော် ပါဝင်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ ကျင်းပရန် လျာထားဆောင်ရွက်ထားရှိသော မဲရုံများတွင် အသုံးပြုရန်အတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များထံ မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများ ပါဝင်သည့် မဲရုံသုံး ပစ္စည်း(၄၃)မျိုး အား အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )