ပုသိမ် နိုဝင်ဘာ ၄
ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်စုပေါင်းရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ၂ဝ၂၃-၂၀၂၄ ခုနှစ် ၊ ဆောင်းသီးနှံတွင် စိုက်ပျိုးသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ထုတ်နှင့် ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကတစ်သိန်းအား ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများ ထည့်သွင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ ထုတ်စိုက်ပျိုးနိုင်ရေး တောင်သူများအား မျိုးစေ့များထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့်လည်း အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် စနစ် တကျ စိုက်ပျိုး၍ ရှင်သန်ဖြစ်ထွန်းစေရန်နှင့် မျိုးစေ့များရရှိစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး စံပြတိုင်းဖြစ်စေရေးအတွက် ပန်းတိုင် အထွက်နှုန်းများ ရရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိရာ မိုးစပါးပန်းတိုင် အထွက်နှုန်းမရောက်သေးမီ ကာလအကြား ရည်မှန်းချက်အနေဖြင့် တစ်ဧက(၁၀)တင်း ပိုမိုတိုးတက် ထွက်ရှိရေးအတွက် စိုက်ပျိုးရေး ပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်၍ ရလာဒ်များဖော်ထုတ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ မိုးစပါးများ တိုးတက်ထွက်ရှိခဲ့သည်ကို တွေ့ရှိနေရပါကြောင်းနှင့် မိုးစပါးသာမက နွေစပါး အပါအဝင် အဓိကသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့်ဆီထွက် သီးနှံများဖြစ်ထွန်း အောင်မြင်ရေးနှင့် ဆီဖူလုံရေး အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့် နေကြာစိုက်ပျိုးဖြစ်ထွန်း အောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများ သုံးစွဲစေရေး၊ စနစ်တကျ စိုက်ပျိုးစေရေး ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကား များ ပြောကြားသည်။
ဆက်လက်၍ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပိုက်ဆံလျှော်(မျိုးစေ့ထုတ်)နှင့် နေကြာစိုက်ပျိုးဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ပိုက်ဆံလျှော်နှင့် နေကြာမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်၊ စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြ ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ငပုတောမြို့နယ်တို့မှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများထံသို့ နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့သည်။ ထို့နောက် တောင်သူများကိုယ်စား ပုသိမ်မြို့နယ်မှတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့နယ်အလိုက် ပိုက်ဆံလျှော် (မျိုးစေ့ထုတ်)နှင့် နေကြာစိုက်ပျိုးဆောင်ရွက်ထားရှိသည့် အခြေပြမြေပုံ၊ လုပ်ငန်းအခြေပြ ဇယားနှင့် မျိုးစေ့များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)