ပုသိမ် နိုဝင်ဘာ ၄
(၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အကြို စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ် ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲ၌ ပြုလုပ်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင်ရှိ အမျိုးသားသွေးလှူဘဏ်ခွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ် တို့မှ အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သွေးအလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။ (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အကြို စုပေါင်း သွေးလှူဒါန်းပွဲတွင် တိုင်း၊ ခရိုင်၊ မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်း (၅၄)ဦးတို့က သွေးများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်၍ ခန်းမအတွင်း နေကြာမျိုးစေ့ ရေဆင်း-၁၊ Supersun-41၊ Supersun-66 မျိုးစေ့များ ခင်းကာင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဟင်္သာတခရိုင်အတွင်း ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းနေကြာ စိုက်ပျိုးရန်လျာထားမှုနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ပျိုးရန် လျာထားဆောင်ရွက်ထားရှိမှု အခြေအနေများအား လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ရာသီအချိန်မီ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မြေဆီလွှာ ပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ယူရီးယားမြေဩဇာများ သုံးစွဲမှု လျှော့ချနိုင်ရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာကို အင်တိုက်အားတိုက် စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်းနှင့် လာမည့် ၂၀၂၄ ခုနှစ်၊ မိုးစပါး စိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝ ထည့်သွင်းစိုက်ပျိုး သွားမည်ဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အလိုက်အုပ်စုဖွဲ့ပြီး အဖွဲ့လိုက် စုပေါင်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်နှင့် မြေလွတ်များနှင့် လမ်းဘေးဝဲယာ တစ်လျှောက်တွင် စနစ်တကျ စုဖွဲ့၍ အစုအဖွဲ့စနစ်ဖြင့် မျိုးစေ့ရရှိရေး ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်းအစရှိသည့် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နေကြာ စိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းအတွက် ပျားမွေးမြူရေးကိုလည်း ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများက ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။
ဆက်လက်၍ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နေကြာ၊ ပိုက်ဆံလျှော် မျိုးစေ့များအား မြို့နယ်များအလိုက် စုဆောင်းထားရှိမှု အခြေအနေများနှင့် စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ နေကြာ၊ မြေပဲ၊ နှမ်း တိုးချဲ့လျာထားစိုက်ပျိုးမည့်အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး၊ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တို့က ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ရေဆင်း - ၁စပ်မျိုးနေကြာ၊ Super sun-41၊ Super sun-66နေကြာမျိုးစေ့များနှင့် သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကိုပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးကကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)