ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး‌ကော်မတီမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး အတွက် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကန်ကြီးထောင့်  နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့ရွာသန်ရှင်းသာယာရေး အတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာ စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု‌ဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရန်၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးနှင့် အမှိုက် ခွဲခြားစွန့်ပစ်ခြင်း၊ တစ်ဦးချင်းအမှိုက် စွန့်ပစ်မှု လျော့ချနိုင်ရေးအတွက် အသိပညာပေး ရှင်းလင်းပြောကြားပြီး၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဝင်းက ကျေးဇူတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်မှု၊ အမှိုက်စိုနှင့် အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ခြင်းအား မေးမြန်းခဲ့ကြရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်က ပြန်လည်ဖြေကြား ရှင်းလင်းပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းများက အမှိုက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)