စလင်း နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် ကိုယ်ကာယကျန်းမာ ကြံ့ခိုင်စေရေးနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အလေ့အကျင့်၊ စုပေါင်းအားဖြင့် ယှဥ်ပြိုင်စေပြီး မြို့နယ်ဂုဏ်ဆောင် အားကစားသမားငယ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ ကျင်းပသော စလင်းမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘက်စကက်ဘောပြိုင်ပွဲ အသက်(၁၆)နှစ်အထက် အမျိုးသား၊ အမျိုးသမီး အလွတ်တန်းဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို နိုဝင်ဘာ(၃)ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ဆင်ဖြူကျွန်း မြို့ အထက်တန်းကျောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဘက်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၊ ဆင်ဖြူကျွန်း အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဥ်မွန်နှင့် ကျောင်းသား၊ ကျောင်းသူ မိဘများက ဘတ်စကတ်ဘောယှဥ်ပြိုင်ကစားနေမှုကို အားပေးကြည်ရှုခဲ့ကြသည်။
စလင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘတ်စကတ်ဘောပြိုင်ပွဲကို နိုဝင်ဘာ (၁)ရက်နေ့မှ နိုဝင်ဘာ (၃)ရက်နေ့အထိ အမျိုးသား(၅)သင်း၊ အမျိုးသမီး(၄)သင်းတို့ အုပ်စုခွဲ၍ ယှဥ်ပြိုင်ကစားကြရာ အမျိုးသား၊ အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ပထမဆုတံဆိပ်နှင့် ငွေသားဆုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်၊ ဒုတိယရရှိသည့် အမျိုးသားအသင်းနှင့် အမျိုးသမီးဘတ်စကတ်အသင်းအား ရဲမှူးအောင်သူနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်လင်း၊ အကောင်းဆုံး ဘတ်စကတ်ပြိုင်ပွဲဆု ရရှိသည့် အမျိုးသား၊ အမျိုးသမီး ဆုတံဆိပ် များနှင့် ငွေသားဆုကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ယဥ်မွန်နှင့် မြို့မိမြို့ဖဦးတင့်လွင်တို့က ပေးအပ်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အတိုးတက်ဆုံးအားကစားဆုကို အမျိုးသားအဖွဲ့ (၂) မှ မောင်ရှင်းသန့်မောင်၊ အမျိုးသမီးဆုကို အဖွဲ့(၂) မမေသူအောင်တို့မှ ငွေသားဆုနှင့် ဆုတံဆိပ် အသီးသီးရယူခဲ့ကြပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီများ၊ ဆုရအားကစားသမားများက အဖွဲ့လိုက် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ ကြောင်း စလင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးထံမှ သိရသည်။
(မောင်လွင်)စလင်း