မကွေး နိုဝင်ဘာ ၄
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ တိုင်းဒေသကြီး ကိုယ်စားပြုသွားရောက်ခဲ့ကြသည့် အဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ခုဆိုရင် ၂၄ ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး မကွေးတိုင်း ကိုယ်စားပြု ပြိုင်ပွဲဝင်များ ကျန်းမာဘေးကင်အောင်မြင်စွာ ပြိုင်ပွဲဝင်နိုင်ခဲ့သည့်အတွက် ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊ ယခုနှစ် ၂၄ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အနုပညာ အမွေအနှစ်များနှင့် အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်၊ ထိန်းသိမ်းမြှင့်တင်ရေး မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေ အနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့် ထပ်တူအမျိုးသားရေး၊ စိတ်ဓာတ်များ ပိုမိုထွန်းကား ပြန့်ပွားနေစေရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှု အခန်းကဏ္ဍမှ တစ်ထပ်တစ်အားပူးပေါင်းဆောင်ရွက်ရေးစတဲ့ ဦးတည် ချက်များနဲ့ ကျင်းပခဲ့ပါကြောင်း၊ ပြိုင်ပွဲတစ်ခုမှာ အောင်မြင်မှုရယူနိုင်ဖို့ အတွက် သက်ဆိုင်ရာ ပညာရပ်ကို စည်းစနစ်ကျနစွာ သင်ကြားနာယူမှု၊ ဇွဲလုံ့လနှင့် လေ့ကျင့်မှု၊ ကျန်းမာခြင်းနှင့် သက်ဆိုင်တဲ့ သက်လုံကောင်းမှု၊ ယှဉ်ပြိုင်တဲ့ ပညာရပ်အပေါ်မှာ သာလွန်ကောင်းမွန်တဲ့ ထိုးထွင်း သိမြင်ကြံဆမှုတို့က အဓိကကျပါတယ်။ တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော် လည်းကောင်း၊ ဆုရရှိသွားကြတဲ့ ပြိုင်ပွဲဝင်မောင်မယ်များကို အောင်မြင်မှုအတွက် ဂုဏ်ပြုစကား ပြောကြားလိုပြီး ဆုမရရှိသေးတဲ့ ပြိုင်ပွဲဝင်များနှင့် ပတ်သက်ပြီးလည်း ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်မြတ်နိုးနိုး ပြိုင်ပွဲဝင်ခဲ့ကြတဲ့အတွက် အထူးလေးစား တန်ဖိုးထား ပါကြောင်းနှင့် နောက်နှစ်များမှာလည်း ဆက်လက်ကြိုးပမ်း ကြဖို့တိုက်တွန်း ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်ရဲ့ အနာဂတ်ကို ဖန်တီးတည်ဆောက်ရမဲ့ လူငယ်များကို ဗလငါးတန်နဲ့ ပြည့်စုံတဲ့ သားကောင်း၊ သမီးကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေး ကြရမှာဖြစ်ပြီး၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်နဲ့ ပြည့်စုံနေဖို့ ပြုစုပျိုးထောင်ရာမှာ ရိုးရာယဉ်ကျေးမှဓလေ့ ထုံးတမ်းများကို အခြေခံ တဲ့ အနုသုခုမ ပညာရပ်သည် အခြေခံကျတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ဒါကြောင့် မြန်မာဂီတ၊ မြန်မာအကနဲ့ မြန်မာ့ ရိုးရာယဉ်ကျေးမှု အနုပညာရပ်များ ဆက်လက်ထွန်းကား ပြန့်ပွားလာသည်နှင့်အမျှ လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ အမျိုးသားရေး စိတ်ဓာတ်ဖွံ့ဖြိုး တိုးတက်စေရန် အထောက် အကူပြုပြီး အမျိုးသားရေးကိုယ်ခံစွမ်းအားများ မြင့်မားလာမှာဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ မကွေးတိုင်း ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့အတွက် ဒေသအသီးသီးမှ တိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့် တွေ့ဆုံခွင့်ရသလို ရိုးရာယဉ်ကျေးမှု အနုပညာများ ဓလေ့ထုံးတမ်းများကိုလည်း သိရှိခွင့်ရခဲ့ကြမှာဖြစ်ကြောင်း၊ ဗဟုသုတများ အတွေ့အကြုံများကို မိမိတို့၏ လုပ်ငန်း တာဝန်များတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် လုပ်ငန်းတာဝန်များ ပိုမိုတိုးတက်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက် ဆုရရှိခဲ့ကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် အကြီးအကဲများက ဂုဏ်ပြုချီးမြှင့်ငွေ များကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံကာ၊ ပြိုင်ပွဲဝင်များက ပြိုင်ပွဲ ဝင်တေးသီချင်းများ သီဆိုခြင်းနှင့် ပြိုင်ပွဲဝင်အကအလှအဖွဲ့များက ကပြခြင်းအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရ သည်။
မောင်ညီညာ