ပဲခူး နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၃)ရက်နေ့၊ မွန်းလွဲပိုင်းက အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား စေတနာရှင် ပြည်သူများက ကူညီထောက်ပံ့သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာသေးမီက ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုဖြစ်စဉ်တွင် တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပြတ် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်ခဲ့သလို ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင်လည်း အင်ပြည့်အားပြည့် ဆောင်ရွက်ပေးခဲ့သည်ကို အားလုံးအသိပင်ဖြစ် ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်နေသူများပင်ဖြစ်ကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုသည့်အနေဖြင့် ဒေသခံပြည်သူများက အပြန်အလှန် ကျေးဇူးတရား နားလည်ပြီး ထောက်ပံ့ငွေများ လာရောက်ပေးအပ်မှုအပေါ် အထူးဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများ၏ ထောက်ပံ့ငွေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က လည်းကောင်း၊ စေတနာရှင်ပြည်သူများ၏ ထောက်ပံ့ငွေများအား တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေ ကျပ် (၂၇၆၂)သိန်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ် သင်တန်း အမှတ်စဉ် (၁၁)နှင့် တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) တက်ရောက်မည့် သင်တန်းသား/သူများနှင့် တွေ့ဆုံဩဝါဒစကား ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသားသူများကိုယ်စား သင်တန်းသူတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed)(၅)နှစ်သင်တန်းအမှတ်စဉ်(၁၁)သို့ သင်တန်းသူ(၃)ဦး၊ တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)သို့ သင်တန်းသား/သူ (၂)ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)