ကျိုက်လတ်၌ ဌာနများပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများ ပြုလုပ်

ကျိုက်လတ် နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ပန်းဘဲစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအကြောင်း၊  စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ မူးယစ် ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ အာမခံကိစ္စများ၊ စားသောက်ကုန်များနှင့် ပတ်သက်၍ ဆိုးဆေးများ၊ တာရှည်ခံဆေးများ၏ ဆိုးကျိုးများ၊ သက်တမ်းလွန် စားသောက်ကုန်များ၏ အန္တရာယ်များအကြောင်းနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်မြတ်နိုးသူက အားကစားနှင့်ကာယပညာ၊ လေ့ကျင့်ခန်းများအကြောင်းတို့ကို သရုပ်ပြဟောပြောခဲ့ကြသည်။ ထို့နောက် "လူကုန်ကူးမှု အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာ" အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အဆိုပါ "လူငယ်အသိပညာပေး ဟောပြောပွဲ"သို့ ပန်းဘဲစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း၊ ကျောင်းအကျိုးတော်ဆောင်များ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်ခိုင်မိုး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၃၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)