ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲနှင့် လူရွေးပွဲ ကျင်းပ

ကန်ကြီးထောင့် နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများနှင့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံ ပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲနှင့် လူရွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီခွဲ အချိန်က ကန်ကြီးထောင့်မြို့ ပြည်သူ့အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများက အားကစားနည်း (၆) မျိုးဖြစ်သော (ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ စားပွဲတင် တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော) စသည့် အားကစားနည်းအလိုက် ကျင်းပမှုတွင် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃၀၀) ဦးခန့် ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲအား နိုဝင်ဘာလ (၃) ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အသက် (၁၈) နှစ်နှင့်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/သမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် လူရွေးပွဲကို နိုဝင်ဘာလ (၆) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၈)နှစ်အောက် ကျောင်းသား/ သူများမှ ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ရာ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ထူးချွန်ကြသူများအား ရွေးချယ်ပြီး ခရိုင်အဆင့် ယှဥ်ပြိုင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်‌ကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)