ထားဝယ် နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး မိုးလုံ လေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ၏ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက် ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး ဘတ်စကက်ဘော ပြိုင်ပွဲတွင် အမျိုးသမီး ဒုတိယဆု ရရှိသည့် ပညာရွှေပြည် ကိုယ်ပိုင်အထက်တန်းကျောင်းအသင်းအားလည်းကောင်း၊ အမျိုးသားဒုတိယဆု ရရှိသည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမျိုးသား/အမျိုးသမီး ပထမဆု ရရှိသည့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းအသင်းအား တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်ပြီး မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)