ကျိုက်လတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ပန်းဘဲစု)၌ လူငယ်စကားဝိုင်းကျင်းပ

ကျိုက်လတ် နိုဝင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန် ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍  ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)(ပန်းဘဲစု)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အထက(ခွဲ)(ပန်းဘဲစု) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်ခိုင်မိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့် က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။  ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့်ကာယပ ညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူတို့နှင့်အတူ Grade-10 မှ မခိုင်ခိုင်မေဦးက လူငယ်နှင့်ခုခံအား၊ Grade-10 မှ မောင်ဇင်သော်အောင်က လူငယ်နှင့်ပရဟိတ၊  Grade-11 မှ မောင်သက်နိုင်ထွေးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-9 မှ မယွန်းဝတီက လူငယ်နှင့် စည်းကမ်း ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော  ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်းသိရသည်။

ကျိုက်လတ်(ပြန်/ဆက်)