ဒေးဒရဲ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးလယ်ယာမြေများတွင် စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ဂွကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးစောလေးနိုင်နှင့် လက်ထောက်ဦးစီးမှူး ဦးသန်းနိုင်စိုးတို့က တစ်ဧက စပါး (၁၀)တင်းနှုန်း ပိုမိုတိုးထွက်စေရေး စိုက်ပျိုးရေးနည်းလမ်းများ၊ အယ်နီညို ရာသီဥတုကြောင့် စိုက်ပျိုးရေးကဏ္ဍ သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ဓာတ်မြေသြဇာအချိန်ကိုက် သုံးစွဲနည်းများ၊ ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် စပါးပေါ်ချိန်တွင် ကျရောက်တတ်သည့် ကြွက်အန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်မြေများ စပါးအထွက်နှုန်း တိုးတက်စေရေး အတွက် စိုက်ပျိုးရေးနည်းလမ်းများနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို စိုက်ကွင်းများအရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း